မင်္ဂလာပါ၊ AI ကို အသုံးပြုပြီးတော့ ထိရောက်စွာ လေ့လာ သင်ယူနည်း သင်ခန်းစာရဲ့ ပထမဆုံးအခန်းကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်က အချက်အလက်တွေကို ဘယ်လိုသင်ယူ လေ့လာသလဲဆိုတဲ့ အခြေခံ အကြောင်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီအခြေခံကို နားလည်သွားပြီဆိုလို့ရှိရင် မိတ်ဆွေရဲ့ လက်ရှိအသုံးပြုနေတဲ့ စာကျက်နည်းတွေ ထိရောက်ရင်လဲ ဘာကြောင့် ထိရောက်တယ်၊ မထိရောက်ဘူး ဆိုလိုရှိရင်ရင်လည်း ဘာကြောင့် မထိရောက်ဘူးဆိုတာကို မိတ်ဆွေအနေနဲ့ ပိုမိုနားလည်လာပြီးတော့ လေ့လာမှုပုံစံ (Learning Style) ကို သိပ္ပံနည်းကျ ပိုမိုကောင်းမွန်အောင် တိုးတက်ပြောင်းလဲလာနိုင်မှာ ဖြစ်ပါတယ်။
အကြောင်းအရာ တစ်ခုခု ဒါမှမဟုတ် အသိပညာ တစ်ခုခုကို သင်ယူတဲ့နေရာမှာ အဓိကအားဖြင့် ပုံစံနှစ်မျိုးရှိပါတယ်။
အဲဒါတွေကတော့ Passive Learning နဲ့ Active Learning ဖြစ်ပါတယ်။ Passive Learning ဆိုတာကတော့ ဆရာပြောတာကို နားထောင်၊ စာအုပ်ထဲကအတိုင်း အလွတ်ကျက်မှတ်တာမျိုးပါ။
ဒါက လွယ်တယ်၊ အားစိုက်ထုတ်စရာမလိုဘူးလို့ထင်ရပေမယ့် ဦးနှောက်အတွက်ကတော့ တကယ်တမ်းမှာ အလုပ်လုပ်စရာ မလိုပါဘူး။
အဲလို သင်ယူတဲ့နည်းလမ်းကို ‘Illusion of Fluency’ လို့လည်း ခေါ်ပါတယ်။
စာမေးပွဲ မဖြေခင်မှာ စာတွေကို ထပ်ခါထပ်ခါဖတ်ပြီးတော့ ရင်းနှီးနေတာကို ‘ငါရပြီ’ လို့ တတ်မြောက်သွားပြီထင်ပြီး ဦးနှောက်က လှည့်စားတာမျိုးပါ။
တကယ်တမ်း စာမေးပွဲခန်းထဲကို ရောက်တဲ့အချိန်မှာ ပြန်မရေးနိုင်တာမျိုး မမှတ်မိတာမျိုး ကြုံဖူးကြမှာပါ။
Active Learning ကတော့ သင်ယူတဲ့နေရာမှာ ကိုယ်တိုင်တက်ကြွစွာပါဝင်ပြီးတော့ ‘ဒါက ဘာကြောင့်ဖြစ်ရတာလဲ’၊ ‘ဒါကို ကိုယ့်ရဲ့ဘဝအတွေ့အကြုံနဲ့ ဘယ်လိုချိတ်ဆက်လို့ ရနိုင်မလဲ’ ဆိုပြီးတော့ မိမိဘာသာ မေးခွန်းလေးတွေ ထပ်မေးရင်းနဲ့ နားလည်အောင် ကြိုးစားတာ ဖြစ်ပါတယ်။
ထိရောက်စွာ လေ့လာမှတ်သားနည်းမှာ Active Learning Style က အရေးအကြီးဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။
Active Learning နည်းလမ်းနဲ့ လေ့လာတဲ့အခါမှာ ကိုယ်သင်ကြားလိုက်ရတဲ့ အကြောင်းအရာတွေကို ပိုပြီးတော့ မှတ်မိလွယ်ပါတယ်။
ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ ဦးနှောက်က အချက်အလက်တွေကို လက်ခံရုံသာ မဟုတ်တော့ဘဲနဲ့ အဲ့ဒီအကြောင်းအရာတွေကို ပြန်လည်စီစဉ်ပြီးတော့ ကိုယ့်မှာ ရှိပြီးသား အသိပညာတွေနဲ့ နောက်ကွယ်မှာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပေးနေလို့ပါ။
ဒါ့အပြင် မိတ်ဆွေ လေ့လာလိုက်တဲ့ အကြောင်းအရာတွေကိုလည်း အပေါ်ယံမဟုတ်ဘဲ နက်နက်နဲနဲ နားလည်လာစေပါတယ်။
ဆိုလိုတာက မိတ်ဆွေသိထားတဲ့အရာတွေကို တခြားဗဟုသုတတွေနဲ့ ချိတ်ဆက်လာနိုင်ပြီး ပြဿနာ အသစ်တွေကို ဖြေရှင်းရာမှာ အသုံးချနိုင်လာမှာပါ။
နောက်ဆုံးအနေနဲ့ ဘယ်အရာကိုမဆို မျက်စိမှိတ်မယုံဘဲ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်တဲ့ Critical Thinking စွမ်းရည်ကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။